…….ဟိုနောက်မှာတစ်ပွင့်
အလွမ်းပွင့်
ရင်ခုန်ဆုံချက်
ချိန်ညှိခက်ဆဲ
တစ်ပါးသူအား ကြည်ဖြူဆဲ
ကိုယ်အားညှို့ယူဆဲ
အကြိုလွမ်းနေ့
တစ်နေ့မှနေ့ညရက်ရှည်
အကြိုလွမ်းပွင့်
တစ်ပွင့်မှ ပွင့်ရာထောင်ဝေ…….။
……..ဟောဒီမှာတစ်ပွင့်
အလွမ်းပွင့်
ချစ်ဝံ့ခက်ခက်
စွန့်ခက်ခက်နှင့်
ကြားလေသွေးလို့
ဝေးရလည်းလေ
အလွမ်းပွင့်တွေဝေ။
……..ဟောဒီမှာတစ်ပွင့်
အလွမ်းပွင့်
ကြမ္မာထုံ
မြင်ယုံတောင်မကြည့်ရ
ခွာဝေးရတော့
လွမ်းရဖုံဖုံ
အလွမ်းရောင်စုံနှင့်
လွမ်းပွင့်လှိုင်ဝေ။
……..ဟိုးရှေ့မှာ
အလွမ်းပွင့်တွေ
ဝေမနေပါစေနှင့်
ချစ်ပွင့်မဝေရင်လည်းလေ
လွမ်းပွင့်တွေရယ် ကြွေကာကျပါတော့
ချစ်ပွင့်မဝေရင်လည်းလေ
ဪ…..အလွမ်းရာသီရယ် ဆုံးပါတော့….။
ဒီမာန်
၁၃ – ၅ – ၂၀၀၀
သောကြာ ( ၁၈း၃၀ နာရီ)